ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ဥတ္တရသီရိ ဇန်နဝါရီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့လူမှုရေး စာအုပ်ပါခေါင်းစဉ်များဖြင့်  စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက   ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဥတ္တရခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူမျိုးနှင့်နိုင်ငံအကျိုးထမ်းဆောင်နိုင်ရေး၊ မျှတစွာတွေးခေါ်နိုင်ရေး၊ စိတ်ဓာတ်ကောင်းမွန်စေရေးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဝင်းဝင်းစိန် စာရေးဆရာမ (ရဿဝတီမေနန်း)က စာရေးဆရာ မောင်မင်းစိုးရေးသားသည့် လူငယ်နှင့်လူမှုရေး  စာအုပ်ထဲမှ လူငယ်နဲ့စိုးရိမ်စိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ စိန်ဝင်းနွယ်(ဘာသာပြန်က)  လူငယ်နဲ့လူမှုရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်က လူငယ်နဲ့ဝါသနာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က လူငယ်နဲ့အသိစိတ်ဓာတ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး​ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ဉာဏ်စမ်းပဟေဠိ မေးခွန်းများကိုမေးမြန်း​၍ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားကာ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)