နောင်ချို ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ မှတ်ဉာဏ်စွမ်းရည်များ မြင့်မားလာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေကို အဖြတ်အတောက်မှန်ကန်စွာ ဖတ်တတ်စေရန် ရည်ရွယ်၍ မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၁၁နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက မှတ်ဉာဏ် စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲအား ဆက်လက်ပြုလုပ်ဆောင်ရွက်ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ-၂၀၊ အမှတ် ၁တွင်ပါရှိသော ဆောင်းပါးရှင် ဖိုးတာတေ ရေးသားထားသော “လူချစ်ဆေး” ဆောင်းပါးပါ အကြောင်းအရာများကို အသီးသီးဖတ်ကြား ပြိုင်ပွဲဝင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် စကားလုံးပီသမှု၊ အသံအဖြတ်အတောက် ကြည်လင်ပြတ်သားမှု၊ စာပိုဒ်များပါ အကြောင်းအရာများနှင့် အဓိပ္ပာယ်များအား ရိုးရှင်းလွယ်ကူစွာ ပြန်လည်ပြောဆိုနိုင်မှုနှင့် မှတ်မိနိုင်မှု စွမ်းရည်များအား စစ်ဆေးအကဲဖြတ်ကာ ဆုရရှိသူများနှင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုနှင့်လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲသို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကြီးကြပ်သူဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)