မိုင်းကိုင်မြို့နယ်၌ လူငယ်နှင့် စာပေဗဟုသုတ Talk Show နှင့် စာအုပ်ပြပွဲ ကျင်းပ

မိုင်းကိုင် ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားပြီး စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် လူငယ်နှင့်စာပေဗဟုသုတ Talk Show နှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး၊ မြို့နယ်ရင်ခွင်မဲ့အမျိုးသမီးကော်မတီဝင် ဒေါ်တင်တင်မိုး၊ Book Club အဖွဲ့ဝင် ဒေါ်ခင်မေတို့က “စာဖတ်ဖို့ မပျင်းကြစေချင်၊ ဝေဖန်မှုလေး ခဏရပ်ပေးပါ၊ ပြောင်းလဲတိုးတက်သောသူ၊ လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စသည့် ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စာချစ်သူများ၊ မြို့နယ်ကျန်းမာရေးဌာနမှ အရန်သားဖွားဆရာမများနှင့် လူငယ်လူရွယ်များက စာပေဗဟုသုတနှင့်ပတ်သက်၍ အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များအတွက် ဘဝမြှင့်တင်ရေး သုတ/ရသ စာအုပ်၊ စာစောင်ပြပွဲကို ခင်းကျင်းပြသရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)