(ဆိပ်ကမ်း)မြို့နယ် Community Centre ခန်းမတွင် Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်

 ဒဂုံမြို့သစ်(ဆိပ်ကမ်း) ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၉:၃၀) နာရီအချိန်က ဒေါက်တာလှကြည် ရေးသားသော ဆီးချိုသွေးချိုနှင့် အဆင်ပြေအောင် စားသောက်နေထိုင်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူက ပြောကြားရာတွင် ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များအနေဖြင့် ဆောင်ရန်၊ ရှောင်ရန် အချက်များအား သတိပြုရှောင်ရှားနိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ (Women Club)အဖွဲ့ဝင် ဒေါ်သန္တာလှကဆွေးနွေးရာတွင် ဆီးချိုသွေးချိုရောဂါ ဆိုသည်မှာ၊ ဆီးချိုသွေးချိုရောဂါကို ထိန်းသိမ်းနေထိုင်ရာတွင် ရောဂါနှင့်အဆင်ပြေအောင် စားသောက်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ ကိုယ်လက်လှုပ်ရှားကစားခြင်းနှင့် ဆေးဝါးများမှီဝဲခြင်းတို့ပါဝင်ပါကြောင်း၊ ဆီးချိုသွေးချိုဝေဒနာရှင်တွေ အစာစားသုံးရာတွင် လိုက်နာသင့်တဲ့အချက်များမှာ ဟင်းသီး၊ဟင်းရွက်နှင့် သစ်သီးဝလံများ စားသုံးမှု၊ ပရိုတင်းစားသုံးမှု၊ အစာကိုအချိန်မှန် စားသုံးခြင်း စသည့်အချက်များကိုလည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်ခင်ချိုချိုခိုင်ကလည်း ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် ဖြည့်စွက် အာဟာရများဖြစ်သည့် ဘိုင်အိုတင်ကြွယ်ဝတဲ့ ပြောင်း၊ ပဲပုပ်၊ အစေ့အဆန်အမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ နို့နဲ့ဥအမျိုးမျိုးကို မှီဝဲသင့်ကြောင်း၊ အသားမစားသူတွေအတွက် နို့၊ မြေပဲ၊ ဖရုံစေ့၊ လုံးတီးကောက်နှံတွေကို စားသုံးသင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းများကို စာပေချစ်မြတ်နိုးသူများ၊ Women Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)