ခရမ်း စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများ ၊ အနံမရသူများထားရှိနိုင်ရန်အတွက် Quarantine Centre ထပ်မံဖွင့်လှစ်ရန် အတွက် ခရမ်းမြို့မအားကစားကွင်းအတွင်းရှိ ဘောလုံးပွဲကြည့်စင်အောက်ရှိ ဟောခန်းများအား အဆင်ပြေခြင်း ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် ခရမ်းမြို့နယ်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးမင်းဆန်းထွန်းနှင့်အဖွဲ့ဝင်များ ခရမ်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမိုးကျော် ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက Quarantine Centre ဆောင်ရွက်မည့် အားကစားရုံရှိ ဘောလုံးပွဲကြည့်စင်များ၏ အောက်ထပ်ရှိ အားကစားသမားများ၏ နားနေခန်း ၊ အဝတ်စားလဲခန်း တို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အခန်းများ ကောင်းမွန်ခြင်းရှိ/မရှိ၊ ရေ၊မီး ရရှိခြင်းရှိ/မရှိ၊ အိမ်သာများ အဆင်ပြေခြင်း ရှိ/မရှိ၊ ရောဂါကူးစက်မှုမရှိစေရန် ဆောင်ရွက်ထားမည့် အစီအစဉ်များ၊ လက်ရှိဆောင်ရွက်ရမည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ခန်းမတွင် အနံမရသူနှင့် ဖျားနာသူများအား သီးသန့်ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုမင်း( ခရမ်း )