သီပေါ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီ၏ ညွှန်ကြားချက်အရ ပြည်သူလူထုမှ လိုက်နာဆောင်ရွက်သွားရန် မြို့နယ် စည်ပင်သာယာရေးဌာနမှ စားသောက်ဆိုင်များသို့ ပါဆယ်စနစ်ဖြင့် ရောင်းချစေရေးကို ယနေ့နေ့လယ်ပိုင်း က စတင်၍ လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က စတင်၍ ထုတ်ပြန်ထားသော အမိန့်ကြေငြာချက်တွင် ပြည်တွင်းကူးစက်မှုဟု သုံးသပ်ရသည့် ကိုဗစ်−၁၉ ရောဂါ ဆင့်ပွားကူးစက်ခံရသူများထဲတွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရသူ အရေအတွက်များစွာ ပါဝင်လာကြောင်း စိစစ်တွေ့ရှိရသဖြင့် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်−၁၉ ရောဂါ ကူးစက် ခံရမှုမရှိစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဆိုင်ထိုင်စားသောက်ခြင်းကိုတားမြစ်၍ Take – away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချနိုင်ရေး အမိန့်ကြေငြာချက်ကို လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြသည်။
အဆိုပါအမိန့်ကြေညာချက်အား မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင် ရောင်းချသူများက သတ်မှတ် ညွှန်ကြားချက်ပါအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့် စားသောက်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)