မဘိမ်းမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် (Cash for Work) စီမံကိန်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီး

မဘိမ်း    စက်တင်ဘာ  ၂၅                     

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ တစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် (Cash for Work)စီမံကိန်းလုပ်ငန်းများကို ကျေး ရွာ(၆)ရွာတွင် ယမန်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာများနှင့်လုပ်ငန်းခွဲအမျိုးအစားများမှာ သားပျောက်ကျေးရွာ၊ မအူကုန်းကျေးရွာ၊ မာနားလေးကျေးရွာ၊ သင်္ဘောဆုံးကျေးရွာ၊ ကြံနှမ်းမှော် ကျေးရွာနှင့် နှောင်းပါတိတ်ကျေးရွာ စသည့်ကျေးရွာ (၆)ရွာတို့တွင် (Cash for Work) စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၆၀၀)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁)ခု၊ ကျောက်ရောမြေခင်းခြင်းလုပ်ငန်း (၃)ခု၊ သစ်သားတံတားပြုပြင်ခြင်းလုပ်ငန်း (၁)ခု၊ ရေပြွန်တံတားတည်ဆောက်ခြင်းလုပ်ငန်း (၃)ခု၊ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်း (၆)ခု၊ အုတ်ရေနှုတ်မြောင်းပြုလုပ်ခြင်းလုပ်ငန်း (၁)ခု၊ စုစုပေါင်းလုပ်ငန်းခွဲ (၁၅)ခုတို့ကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီး ဖြစ်ပါသည်။

(Cash for Work) စီမံကိန်းလုပ်ငန်းများအားလုံး ပြီးစီးပြီဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာ(၆)ရွာတို့မှ အိမ်ထောင်စု(၄၃၀)စု၊ လူဦးရေ ၂၀၁၃ ဦးခန့်တို့အတွက် အကျိုးပြုလျက်ရှိပြီး ကိုဗစ်-၁၉ ကာလတွင် စီမံကိန်းကျေးရွာနေ ပြည်သူများမှာလည်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဝင်ငွေများရရှိသည့်အပြင် ကျေးရွာများအတွင်း ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများမှာလည်း အောင်မြင်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်မှုရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းတင်ထွန်းဦး က ပြောသည်။

မျိုးမင်း (ပြန်/ဆက်)