ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

နမ့်ဆန် ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကို ချစ်မြတ်နိုးသော ကလေးငယ်များနှင့်ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်း (၁၁) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်း က သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် စာရေးသူ ခင်မောင်အေး၏ ကလေးလုပ်သားပပျောက်ရေး ကြောင်းကျိုးညီညီတိုက်ဖျက်ပေး ခေါင်းစဉ်မှ  ကလေးသူငယ်ဟူသည်မှာ အသက် ၁၄ နှစ်အောက်ကို ကလေးသူငယ်ဟု သတ်မှတ်သည်။ မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရလည်း အသက်၁၄ နှစ်အထိ ကျောင်းနေရမည်ဖြစ်၍ အလုပ်လုပ်ခွင့်ပြုမထားပေ။ အန္တရာယ်များသော အလုပ်များကိုလည်း အသက် ၁၈ နှစ်အောက် ကလေးများကို ခိုင်းစေ၍မရပါ၊ကလေးလုပ်သားဖြစ်လာရခြင်း၏ အကြောင်းရင်းမှာ ဆင်းရဲနွမ်းပါးခြင်း အရည်အသွေးမီ ပညာရေးကိုလက်လှမ်းမီသင်ယူခွင့်မရခြင်း၊ စစ်ဘေးဒဏ်ခံရခြင်း၊ အစုလိုက်အပြုံလိုက် နေရာပြောင်းရွေ့နေထိုင်ခြင်းစသည်တို့ဖြစ်သည်။ ကလေးလုပ်သားပပျောက်ရေးကို အားလုံးကဝိုင်းဝန်းဆောင်ရွက်ကြရာ၌ နိုင်ငံတော် အစိုးရ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လက်တွဲညီညီဖြင့်ဖယ် ရှားကြရန်၊နိုင်ငံအုပ်ချုပ်သည့် အစိုးရသာမက အလုပ်ရှင်နှင့် အလုပ်သမားပေါင်းစပ်ကာ ကမ္ဘာ့နိုင်ငံပေါင်းစုံပါဝင်နိုင်သည့် သင့်လျော်ကောင်းမွန်သောလုပ်ငန်းခွင် အစီအစဉ်ချမှတ်၍ ကလေးအလုပ်သမားများ ဘဝကို ကာကွယ်စောင့်ရှောက်ရေးကိစ္စများ၌ စဉ်းစားကြခြင်းဖြင့် ကလေးများ၏အနာဂတ်ကောင်းမွန်ဖို့ ဆောင်ရွက်ကြရမည်စသည့် အကြောင်းအရာများကို ဟောပြောဆောင်ရွက်ပေးခဲ့ပါသည်။

သားသားမီးမီးတို့အနေဖြင့် အသိပညာဗဟုသုတရရှိစေရန် စာများလေ့လာဖတ်ရှုလိုကြောင်း စာဖတ်ရန်အတွက် မိမိတို့စာကြည့်တိုက်တွင် ကလေးများ ကြိုက်နှစ်သက်ဖွယ် စာအုပ်များစွာရှိကြောင်းစသဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ရုံးအနေဖြင့် အနာဂတ်သားကောင်းရတနာများဖြစ်သည့် ကလေးသူငယ်များအား စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကြည့်တိုက်ကိုအသုံးချတတ်စေရန် ရည်ရွယ်၍ ကလေးစာဖတ်ဝိုင်းများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု နံရံကပ်စာစောင်များကိုလည်း ပြသဆောင်ရွက်ပေးလျက်ရှိရာ ကလေးများမှ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)