ကွတ်ခိုင်မြို့၌လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်လူငယ်စကားဝိုင်းကျင်းပ

ကွတ်ခိုင် ဇန်နဝါရီ  ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် အနာဂတ် လူငယ်လူရွယ်များသည် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီးကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အ-ထ-က ( ၁ ) ကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားတွင် ကွတ်ခိုင်မြို့နယ်ပညာရေးမှူး ဒေါ်မြမြဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက လူငယ်စကားဝိုင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား  ရှင်းလင်း‌ပြောကြားခဲ့ပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အာကာမှူး ဦးနိုင်ဝင်းက အားကစားနှင့် ပတ်သက်သည့် သိကောင်းစရာများအား ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ကျောင်းသား မောင်နိုင်းနိုင်းက "စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ"၊ ကျောင်းသူ မကေဇင်လင်းက "လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး"၊ ကျောင်းသား မောင်မျိုးဂျတ်အောင်က "မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်ရေး"၊ ကျောင်းသူ မအိအိခိုင်က "လူငယ်နှင့်စာရိတ္တ"၊ မနန္ဒာလင်းလက်က "လူငယ်နှင့်ကျန်းမာရေး"၊ ကျောင်းသား မောင်တီခွန်ဆိုင်းလတ်က "လူငယ်နှင့်ကြီးပွားရေး" ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြပြီး  တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ များကလည်း သိရှိလိုသည်များကို  ပြန်လည်မေးမြန်းကြကာ ကဏ္ဍအလိုက်ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရပါသည်။

ထို့နောက် ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးကြသည့် ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ပြန်/ဆက်ဦးစီးမှူး တို့ကအမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး၊ မြို့နယ်အာကာမှူး ဦးနိုင်ဝင်းမှလည်း ကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)