လသာမြို့နယ် အ.ထ.က(၁) ကျောင်းရှိ အားကစားခန်းမဆောင်တွင် Quarantine Centre ထပ်မံဖွင့်လှစ်ထားရှိနိုင်ရန် ကွင်းဆင်းကြည့်ရှု

လသာ    စက်တင်ဘာ    ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ သံသယရှိသူ (အနံ့ပျောက်သူ)များ သီခြားထားရှိနိုင်ရန်အတွက် အ.ထ.က(၁) ကျောင်းရှိ အားကစား ခန်းမဆောင်တွင် Quarantine Centre ထပ်မံ ဖွင့်လှစ်ရန် အဆင်ပြေခြင်းရှိ/မရှိကို ယမန်နေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းရာတွင် လသာမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁) ဦးဇော်ဝင်းနိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ဒုတိယပညာရေးမှူး၊ လ.ဝ.ကဦးစီးမှူး၊ မြို့နယ်လျှပ်စစ်ဌာန၊ ရေသန့်ဌာနနှင့် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးမှ တာဝန်ရှိသူ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ သံသယရှိသူ(အနံ့ပျောက်သူများ) အားသီးခြားထားရှိမည့် Quarantine Centre အ.ထ.က(၁) ကျောင်းရှိ အားကစား ခန်းမဆောင်ကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး အားကစား ခန်းမဆောင်တွင် ရေ၊မီး ရရှိခြင်းရှိ/မရှိ၊ အိမ်သာများ အဆင် ပြေခြင်း ရှိ/မရှိ၊ ရောဂါ ကူးစက်မှု မရှိစေရန် ဆောင်ရွက်ထားမည့်အစီအစဉ်များ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများနှင့် လုံခြုံရေး ဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အားကစားခန်းမဆောင် Quarantine Centre တွင် ကိုဗစ်- ၁၉ သံသယရှိသူ (အနံ့ပျောက်သူ)များ သီးခြားထားရှိနိုင်ရန် အတွက် ယမန်နေ့နံနက်ပိုင်းအချိန်ကစတင်ပြီး ရေရရှိရေးရေသွယ်ခြင်း လုပ်ငန်းများနှင့် လျှပ်စစ်မီးများ တပ်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မေသူ(ပြန်/ဆက်)