သန်လျင် စက်တင်ဘာ ၂၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်−၁၉ ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Stay at Home ညွှန်ကြားချက်များနှင့်အညီ သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး ဆယ်အိမ်စု မှူးများ၊ လူမှုအသင်းအဖွဲ့များ ပူးပေါင်း၍ ရောဂါပျံ့ပွားမှုမရှိစေရေး အဝင်အထွက် ဂိတ်များ ထားရှိ၍ အပူချိန်တိုင်းခြင်း၊ လက်သန့်ဆေးရည်များဖြန်းပေးခြင်း၊ မလိုအပ်ဘဲ ပြင်ပသို့ ထွက်ခွာခြင်း မရှိစေရေး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်−၁၉ အတည်ပြု ပိုးတွေ့လူနာများ၊ သေဆုံးမှုများရှိနေခြင်းကြောင့် သတ်မှတ်ကာလအတွင်း ပြည်သူများအနေဖြင့် တစ်ဦးချင်းစီက လိုက်နာကြရန်လိုကြောင်း၊ တာဝန်အရ စိစစ်ခြင်းကို နားလည်ပေးစေလိုကြောင်း၊ အချိန်ပြည့် ကူညီ ဆောင်ရွက် ပေးလျက်ရှိသူ မြို့မတောင်ရပ်ကွက် ရာအိမ်မှူးဦးရွှေဝင်းက ပြောကြားသည်။ ယခု သတ်မှတ်ရက်များတွင် သန်လျင်မြို့နယ်၌ အသွားအလာနည်းပါးသွားပြီး ဈေးများ၊ လမ်းမများပေါ်တွင် ရှင်းလင်းလျက်ရှိသည်။
ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် ညစဉ် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ပြန်ကြားရေး ယာဉ်များဖြင့် ကြေညာပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)