မြန်မာ့စာတိုက်ကြီးတွင် စာပို့သူများ အချိန်ကြာမြင့်မှုမရှိစေရန် Smart Envelope များ အသုံးပြု သွား မည်

မန္တလေး     စက်တင်ဘာလ ၂၅

မြန်မာ့စာတိုက်ကြီးတွင် စာပို့သူများ စာတိုက်ကောင်တာများတွင် ကွန်ပျူတာရိုက်သော အချိန်များ ကြာမြင့်မှုမရှိစေရေးနှင့် စာတိုက်ပုံးများတွင် အလွယ်တကူ စာထည့်နိုင်စေရန်အတွက် အောက်တိုဘာလ ၁ရက်နေ့မှ စ၍ Smart Envelopeများကို လက်ခံရောင်းချပေး သွားမည်ဖြစ် ကြောင်း မန္တလေးစာတိုက်ကြီးမှ သိရသည်။
" စာတိုက်ကောင်တာမှာ တန်းစီရတဲ့အချိန်၊ ကောင်တာမှာ အမြန်ချောကို ပေးပို့မယ်ဆိုရင် ကွန်ပျူတာရိုက်တာ သို့ လိပ်စာနဲ့ မှ လိပ်စာကို ကွန်ပျူတာရိုက်တာတွေ ကြာမြင့်မှုတွေ ရှိတဲ့အချိန်၊ စာတိုက်ပုံးတွေမှာ စာလေးတွေ ထည့်လို့ရအောင် ရည်ရွယ်ပြီး Smart Envelopeတွေကို တီထွင်ခဲ့ခြင်း ဖြစ်ပါတယ်။ Smart Envelope မှာ ဆိုရင် ပို့ခပါပြီးတဲ့ စာအိတ်နဲ့ ပို့ခမပါသေးတဲ့ စာအိတ်ဆိုပြီး ၂မျိုးရှိပါတယ်။ ပို့ခပါပြီးတဲ့ စာအိတ်မှာ ဆိုရင် ၁၃၀၀တန် ရှိပါတယ်။ ၁၈၅၀တန် ရှိပါတယ်။ ၁၃၀၀တန်က ၅၀၀ဂရမ်ထက်မကျော်တဲ့ အဓိက စာတွေအတွက် ရည်ညွှန်းထားတာပါ။ Packetတွေကို နောက်ပိုင်းကျရင် ဆက်ပြီး ဖြန့်ချီဖို့ ရှိပါတယ်။ အခုကတော့ ပို့ခပါပြီးတဲ့ ၁၃၀၀တန်မှာဆိုရင် ၅၀၀ဂရမ်အထိ စာတွေကို ပို့လို့ ရပါတယ်။ ၁၈၅၀တန်ကကျတော့ ၁၀၀၀ဂရမ်ထိပေါ့။ ဒီစာအိတ်လေးတွေကို သုံးပြီးတော့ ပို့လို့ရပါတယ်။
ဒီစာအိတ်မှာဆိုရင် စာတိုက်ကို လာပြီး စာအိတ်ကို ဝယ်မယ်။ ဝယ်ပြီးရင် သို့ လိပ်စာ မှ လိပ်စာ ထည့်ပေးရပါ့မယ်။ ထည့်ပြီးရင် ဒီမှာပါတဲ့ Code လေးကို ကျွန်မတို့က ပေးလိုက်ပါမယ်။ အဲဒီ ကုတ်လေးကို သိမ်းထားပြီးတော့ ကိုယ်ပို့လိုက်တဲ့ စာက ဘယ်ရောက်နေလဲ ဆိုတာကို ww.myanmarpost.com.mmမှာ Fastလိုက်နိုင်ပါတယ်။ တကယ်လို့ ပို့ခပါပြီးတဲ့ စာအိတ်လေးတွေကို ဝယ်ပြီး မပို့ဖြစ်သေးဘူးဆိုရင်လည်း နောက်တစ်ချိန်မှ ပို့လို့လည်း ရပါတယ်။ ဒီစာအိတ်ကလေးကို ဝယ်ပြီး နီးစပ်ရာ စာတိုက်ပုံးထဲမှာ ထည့်ခဲ့ရုံနဲ့ စာတိုက်က သိမ်းပေးပါတယ် " ဟု မန္တလေးစာတိုက်ကြီး တာဝန်ခံအရာရှိ မန်နေဂျာ ဒေါ်နွယ်နီအောင်က ပြောသည်။
Smart Envelopeများကို အောက်တိုဘာလ ၁ရက်နေ့တွင် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် ဗဟိုစာတိုက်များရှိ ကောင်တာများတွင် ရောင်းချပြီး လက်ခံပေးသွားမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဝယ်လိုအားပေါ်မူတည်၍ နယ်စာတိုက်များကို ဖြန့်သွားမည်ဖြစ်ပြီး Marketများတွင်လည်း ရောင်းချနိုင်ရန် စီစဉ်ထားကြောင်း၊ Smart Envelopeကို ပိုမိုမြန်ဆန်စေရန် အစားထိုးလာခြင်း ဖြစ်ပြီး ww.myanmarpost.com.mm Webpageတွင် Smart Envelope၏ SE နံပါတ်လေးကို ရိုက်ထည့်ပြီး ရှာလိုက်ရုံဖြင့် မိမိပေးပို့ထားသော စာအိတ်သည် မည်သည့်နေရာကို ရောက်ရှိနေပြီး မည်သူက လက်ခံထားကြောင်းကို သိရှိနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်