မြစ်သားမြို့နယ်တွင် အစားအသောက်ရောင်းချသည့်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချ စေရေး ကြပ်မတ်ဆောင်ရွက်

မြစ်သား၊ စက်တင်ဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များစသည့် အစားအသောက်ရောင်းချသည့် ဆိုင်များ အားလုံးကို ပါဆယ်စနစ် ဖြင့်ရောင်းချရန် မြစ်သားမြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ညွှန်ကြားထားကြောင်းသိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာပြီး စားသောက်ဆိုင်များ၌ ဆိုင်ထိုင် စားသောက်ခြင်းမှ ကူးစက်ခံရသူအရေအတွက် များစွာပါဝင်လာကြောင်း စိစစ်တွေ့ရှိရခြင်းတို့ ကြောင့်  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေး  အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အကြောင်းကြား လာမှုအပေါ် မြစ်သား မြို့နယ်အတွင်း စားသောက်ဆိုင်များ၊ ဘီယာဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်၍ ရောင်းချခြင်း ကိုခွင့်မပြုတော့ဘဲ ပါဆယ်စနစ်ဖြင့်ရောင်းချ သွားရန် ပါဆယ်စနစ်ဖြင့် ရောင်းချ ရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ တားဆီးကာကွယ် ရေးဆိုင်ရာညွှန်ကြား ချက်များ နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်စေရေး ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်း စားသောက်ဆိုင်များအားလုံးအား ယခုလ ၂၄ ရက်နေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရေးမည်ဖြစ်ကြောင်းနှင့် ပြည်သူများသိရှိစေရန် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် စက်တင်ဘာ ၂၃ ရက်နေ့မှစ၍  ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ကားဖြင့် လှည့်လှည်ကာအသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှလည်း ကွင်းဆင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သားပြန်/ဆက်)