မိုးညှင်း ဇန်နဝါရီ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီက ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းသို့ နေရာယူကြပြီး မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အဆိုပါပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားကာ ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာ အဓိဌာန်များကို သံပြိုင်ရွတ်ဆိုကြပြီးနောက် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အုပ်စုအလိုက် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကြရာ မိုးညှင်းတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထွန်းဦးဆောင်သည့် တပ်ဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အမျိုးသားအသင်း (၈)သင်းနှင့် အမျိုးသမီးအသင်း (၁၀)သင်း စုစုပေါင်း (၁၆)သင်းတို့ပါဝင်ကြပြီး အုပ်စုလိုက်အသင်းပတ်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း၊ အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ(၂၃)ရက်မှ (၂၆)ရက်အထိ လေးရက်တာ ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ကြောင်း တက္ကသိုလ်ပါမောက္ခချုပ်ထံမှ သိရသည်။
ရွှေမိုးညှင်း