ဝမ်းတွင်းမြို့နယ်တွင် “လူငယ် စကားဝိုင်း” ကျင်းပ

ဝမ်းတွင်း ဇန်နဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပခြင်းကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(သဲတော)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက လူငယ်များအတွက် ယခုလိုပွဲများ ဆောင်ရွက်ပေးခြင်းသည် အလွန်ပင် ကောင်းမွန်ပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကာ နိုင်ငံ့တာဝန်များကို ပခုံးထမ်းဆောင်ရွက်ကြမည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန် အလွန်ပင်အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ မျိုးဆက်သစ် လူငယ်များအား အသိပညာဗဟုသုတများ တိုးပွားစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို အစီအစဉ်(၅)ခုဖြင့် ကျင်းပခဲ့ရာ Grade-11မှ မမြဝတ်ရည်နှင်းက  လူငယ်နှင့် ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade-11မှ မဇင်ဇင်ချိုက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11မှ မသင်းသီရိက လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10မှ  မမေမြတ်နိုးကျော်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက ဆွေးနွေးခဲ့သော ခေါင်းစဉ်များအပေါ် အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်သီတာက လူငယ်များအတွက် အကျိုးရှိစေမည့် လူငယ်စကားဝိုင်းများအား အခြေခံပညာကျောင်းများတွင်လာရောက် ကျင်းပပေးခြင်းများအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာနှင့် ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲမျိုးသက် ပြန်/ဆက်