မောက်မယ်ဒေသထွက် ရှောက်ချိုသီးများစျေးကွက်တွင် စျေးကောင်းရ

မောက်မယ်  စက်တင်ဘာ  ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ဒေသထွက်ကုန်ဖြစ်သော ရှောက်ချိုသီးလှိုင်လှိုင်ပေါ်ချိန် စျေးကွက်တွင် စျေးကောင်းပေးဝယ်ယူသဖြင့်  ရှောက်ချိုစိုက် တောင်သူများအဆင်ပြေကြပြီး တောင်ကြီးစျေးကွက်သို့ ကားကြီး ကားငယ်များဖြင့်တင်ပြီး ရွေ့လျား ရောင်းချခြင်းဖြင့်လည်း ပုံမှန်ဝင်ငွေများရရှိကာ တစ်ဆင့်ပြန်လည်ရောင်းချသူများ အနေဖြင့် လည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

တောင်ကြီးစျေးကွက်တွင် ရှောက်ချိုသီး ရောင်းချသူများအနေဖြင့်  အလုံးကြီးတစ်လုံးလျင် ၆၀၀ကျပ်၊ အလုံးလတ်တစ်လုံးလျင် ၅၅၀ကျပ်၊ အလုံးငယ်တစ်လုံးလျင် ၅၀၀ကျပ်၊ ရောင်းချလျက် ရှိကြောင်း သိရသည်။ နှစ်စဉ်ရှောက်ချိုသီးပေါ်ချိန် တော်သလင်း/သီတင်းကျွတ်လတွင် မောက်မယ်မြို့၏တောင်ဘက် (၆)မိုင်ကျော်ခန့်ရှိ နမ့်လွတ်ကျေးရွာအုပ်စု၊ ဖာဟင်ကျေးရွာ၊ ကွန်ခံကျေးရွာ၊ ဝမ်နားကျေးရွာနှင့် ကဒူးလေးကျေးရွာများ၌ အများအပြား စိုက်ပျိုးထားရှိသော ရှောက်ချိုစိုက်ခင်းများသို့ ရှောက်ချိုကုန်သည်များသွားရောက်၍ ခြံလိုက်အလုံးပြတ် ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)