မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာနရုံး (Community Centre) တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ပြုလုပ်ဆောင်ရွက်

မိုင်းနောင် ဇန်နဝါရီ  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံံရကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ယမန်နေ့မွန်းလွှဲ(၁)နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများ၊ စာပေဝါသနာရှင်များနှင့် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်ကို  အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊  ဉာဏ်ရည် ဉာဏ်သွေးမြှင့်မားလာစေရန်၊  စာအုပ်၊ စာစောင်များ ရှာဖွေဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်ရှိန်မြှင့်မား၍ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန် မိမိတို့သိသင့်သိထိုက်သော နေ့ကြီးရက်ကြီးများ၏ သမိုင်းကြောင်းကို သိရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတွင် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် သမိုင်းကြောင်းစာအုပ်များ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား ခေါင်းဆောင်များ၏ မှတ်တမ်းဓာတ်ပုံများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ၊ စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သည့် သုတ/ရသ စာအုပ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ ဆောင်ရွက်ထားရှိကာ ပြသထားသောစာအုပ်၊ စာစောင်များကို လာရောက်လေ့လာသူ စာပေချစ်သူများက ဖတ်ရှုငှားရမ်းကြကြောင်း သိရသည်။

မနန်း(မိုင်းနောင်)