မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မိုးညှင်း ဇန်နဝါရီ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၁)ရက် မွန်းလွဲ (၂)နာရီ ၃၀ မိနစ်အချိန်က ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက ဘာသာရပ်အသီးသီးမှ ကျောင်းသား ကျောင်းသူများအား သင်ကြားရေးကိုသာမက လေ့ကျင့်ရေးကိုပါ ထူးချွထက်မြက်လာစေရန်၊ အားကစားကိုချစ်မြတ်နိုးတတ်စေရန်၊ မိမိတက္ကသိုလ်၊ မိမိဂုဏ်သိက္ခာအတွက် ထိန်းသိမ်းတတ်စေရန်၊ တရားသောယှဉ်ပြိုင်ကစားခြင်းဖြင့် အနိုင်ယူတတ်စေရန်နှင့် သန့်ရှင်းမျှတစွာဖြင့် ကစားနိုင်စေရန်ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ဗိုလ်လုပွဲတို့တက်ရောက်ခဲ့ကြသော နှစ်ဖက်အသင်းအားကစားသမားများအား ရင်းရင်းနှီးနှီး နွေးထွေးစွာ တွေ့ဆုံလက်ဆွဲနှုတ်ဆက်အားပေးခဲ့ကြသည်။

ဆက်လက်၍ ဗိုလ်ပွဲသို့တက်ရောက်ခဲ့ကြသည့် ရူပဗေဒဘာသာရပ်အသင်းနှင့် ဓါတုဗေဒအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပထမရွှေတံဆိပ်ဆုနှင့် တက္ကသိုလ်တံခွန်စိုက်ဒိုင်းဆုကို ဓါတုဗေဒဘာသာရပ်အသင်းမှရရှိပြီး ဒုတိယဆုကို ရူပဗေဒဘာသာရပ်အသင်းနှင့် တတိယဆုကို သင်္ချာဘာသာရပ်အသင်းတို့ရရှိခဲ့ရာ၊ အဆိုပါဆုများကို ခရိုင်စီမံအပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် မိုးညှင်းတက္ကသိုလ်တွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲအပြင် ဘာသာရပ်အသီးသီးမှ အမျိုးသား အမျိုးသမီး ဘောလီဘောပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)