မိုင်းငေါ့ ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မား လာစေရန်၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရန်၊ ဦးဆောင်ဆွေး ဆွေးနွေးတတ်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာ ဦးဟိန်းသူအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ အထက်တန်းပြ ဆရာမ ဒေါ်နန်ထွေးလင်းကြည်က လူငယ်စကားဝိုင်းနှင့် ပတ်သက်၍ ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/သူများ ဖြစ်ကြသော မောင်ဖြိုးစည်သူ Grade-10က လူငယ်နှင့် ကျန်းမာရေး၊ မအိမ့်ကြာဖြူ Grade -10က လူငယ်နှင့်စာဖတ်ခြင်း၊ မအိသဉ္ဇာအောင် Grade-10 က လူငယ်နှင့် ပျော်ရွှင်ခြင်း၊ မကြည်ကြည်ခိုင် Grade-10 က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး စသည့် ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို ကျောင်းသား၊ ကျောင်းသူများက မေးမြန်းရာ ဦးဆောင် ဆွေးနွေးသူက ပြန်လည်ဖြေကြားခဲ့ပြီး လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား ၊ကျောင်းသူ (၅၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)