နောင်တရားမြို့၌ အခြေခံစားသောက်ကုန်များ တန်ဖိုးမြှင့်ရောင်းချနိုင်ရေး Greenhouse တည်ဆောက်၍ စိုက်ပျိုးအောင်မြင်

နောင်တရား  စက်တင်ဘာ   ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ အခြေခံစားသောက်ကုန် များဖြစ်သည့် ဟင်းသီးဟင်းရွက်များ တန်ဖိုးမြှင့်ရောင်းချနိုင်ရေးအတွက် Greenhouse တည်ဆောက်ပြီး စိုက်ပျိုးသည့်စနစ်ဖြင့် စမ်းသပ်စိုက်ပျိုး အောင်မြင်လျက်ရှိကြောင်း သိရသည်။

“တန်ဖိုးနည်း Greenhouse တည်ဆောက်ဖို့ဆိုရင် လေထန်တဲ့ကုန်းကိုရှာပြီး တည်ဆောက်ဖို့လိုပါတယ်၊ လေထန်ရင်ပန်ကာတပ်စရာမလိုတော့ဘူး တံခါးဖွင့်ပေးလိုက်ရင်ရပြီ၊ ဇကာတပ်ရင်တော့ အဝင်အထွက် တပ်ဖို့လိုပါတယ်၊ အပေါ်ကို မိုးကာစအုပ်ထားတော့ အပူချိန်မြှင့်စေတာပေါ့၊ ပြီးတော့ကိုယ့်ဒေသမှာရှိတဲ့ ဝါးတွေနဲ့ဘဲ တည်ဆောက်ထားပါတယ် ကုန်ကျစရိတ်က ငါးသိန်း၊ ဆယ်သိန်းဝန်းကျင်ဘဲ ကိုယ်တိုင် တည်ဆောက်မယ်ဆို ကုန်ကျစရိတ် သုံးသိန်းကျော်လောက်ဘဲကုန်တယ်၊ ဒီထဲမှာ စိုက်ပျိုးတဲ့ ကုန်စိမ်းသီးနှံ တွေက ပိုးသတ်ဆေး ဖြန်းခြင်းမရှိဘူး၊ သဘာဝပိုးသတ်ဆေးတွေဘဲ သုံးထားတဲ့အတွက်ကြောင့် ရောဂါကင်း တာပေါ့ Greenhouse  တည်ဆောက်ပြီး စိုက်ပျိုးမယ်ဆိုရင် တန်ဖိုးမြှင့်ရောင်းချနိုင်ပါတယ် ဟု Greenhouse တည်ဆောက်ပြီး စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသူ ဦးခွန်ဆန်းဦး က ပြောသည်။ ကုန်ကျစရိတ်သက်သာ သည့် Greenhouse တစ်လုံးတည်ဆောက်လိုပါက လေထန်သည့် ကုန်းမြှင့်ကို အသုံးပြုရန်လိုကြောင်း၊ ဒေသထွက်ထုတ်ကုန်ဖြစ်သည့် ဝါးကိုအသုံးပြုနိုင်ကြောင်းနှင့် Greenhouse တည်ဆောက်သည့် နည်းပညာများသိရှိလိုပါက လာရောက်ဆယ်သွယ် မေးမြန်းနိုင်ပါကြောင်း ၎င်းကပြောသည်။

နောင်တရားမြို့၌ တည်ဆောက်ထားသည့် Greenhouse စိုက်ပျိုးရေးခြံတွင် နှမ်းရွက်၊ ဆလတ်ရွက်၊ မုန်ညှင်းဖြူနှင့် အခြားအခြေခံစားသောက်ကုန်များကိုလည်း စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)