ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး (TALK SHOW) ကျင်းပ

ဆဒုံး ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်နှင့် စာပေကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲအား ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက စာတတ်မြောက်သူ ဘယ်လောက်ပဲများများ စာတတ်ရုံမျှနှင့် မလုံလောက်ဘဲ စာဖတ်ကြရန်လည်း လိုကြောင်း၊ စာမဖတ်ခင်ကစိတ်နှင့် စာတစ်ခုခုကို ဖတ်ပြီးသွားချိန်မှာ ဖြစ်လာသည့် စိတ်ဟာ လုံးဝမတူကြောင်း၊ စာဖတ်ထားတဲ့သူဟာ ဆုံးဖြတ်ချက်တွေ တိကျခိုင်မာလာကြောင်း၊  ဆုံးဖြတ်ချက် ချတဲ့နေရာမှာ ကိုယ်ဖတ်ထားသည့် စာအုပ်ထဲကလွှမ်းမိုးမှုတွေ ကပ်ပါလာနိုင်တဲ့ အတွက်  အကျိုးရှိသည့် စာပေကို ရွေးချယ်ဖတ်တတ် ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ခဲ့သည်၊၊

ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ညွန့်ရွှေက စာပေဖတ်ရှုသူများသည် စကားအပြောအဆို၊ အနေအထိုင်၊ အပြုအမူအတွေးအခေါ်များမှ အများနှင့် မတူထူးခြားပြီး နိုင်ငံဖွံ့​ ဖြိုးတိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန် စာတတ်ခြင်းနှင့် စာဖတ်ခြင်းတို့ဖြင့်သာ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆဒုံးမြို့ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် နေ့ကြီး၊ ရက်ကြီးများနည်းတူ အခြားအသိပညာပေး Talk Show ဆွေးနွေးပွဲများကို လစဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် အဆိုပါ Talk Show ဆွေးနွေးပွဲများကို Online မှတစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ခင်မာဝင်း(ဆဒုံး)