ကျောက်မဲမြို့ အထက(၁) သီရိရတနာခန်းမတွင် လူငယ်စကားဝိုင်းကျင်းပ

ကျောက်မဲ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အထက(၁) သီရိရတနာခန်းမတွင် ယနေ့နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထက ၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသန်း‌အေးက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းသိန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားရာတွင် လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာဗဟုသုတများ ပိုမိုရရှိစေရန်၊ အပြောစွမ်းရည် မြင့်မားတိုးတက်လာစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်များအနေဖြင့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အစရှိသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်း‌ပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် မဝင်းရတီဗိုလ်က လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ မောင်ကျော်မင်းထွန်းက လူငယ်နှင့်ကျန်းမာရေး၊ မပန်းအိဖြူက လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ မမေစံပယ်ဟန်က လူငယ်နှင့်အားကစား၊ မဆောင်းရနံ့က လူငယ်နှင့်ပညာရေးခေါင်းစဉ် ၅ ခုဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားများမှ သိရှိလိုသမျှ မေးမြန်းဆွေးနွေးချက်များကို ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးဖြေကြားပေးခဲ့ကာ မြို့နယ်အားကစားမှူး ဒေါ်မော်မော်ဝင်းက အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသထားသော စာအုပ် စာစောင်များနှင့် ပညာပေးနံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှု့ခဲ့ကြကာ လူငယ်စကားဝိုင်းသို့ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)