ပင်းတယ စက်တင်ဘာ ၂၅
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ် ရန်ပုံငွေတို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အားလုံး စက်တင်ဘာလ ဒုတိယပတ်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြီးစီးခဲ့သည့် စီမံကိန်းလုပ်ငန်းများမှာ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ကုန် ထုတ်လမ်းနှစ်လမ်း (၅/၂၆၄)မိုင်၊ တံတား ၃ စင်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ၆ ခု၊ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေ ရရှိရေးလုပ်ငန်း ၄ ခု၊ မြစိမ်းရောင်စီမံကိန်းကျေးရွာ ၄ ရွာအတွက် ၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP)လုပ်ငန်း ကျေးရွာ ၁၉ ရွာတို့အား ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ လုပ်ကွက်ငယ် တောင်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်သူများနှင့် အသေးစားစီးပွါးရေး လုပ်ငန်းလုပ်ကိုင်လိုသူ များအတွက် လိုအပ်သည့်အရင်းအနှီးများရရှိစေရန် ရည်ရွယ်၍ ကျေးရွာ အတည်ရန်ပုံငွေ (VRFP) စီမံကိန်း ကျေးရွာ ၉ ရွာနှင့်၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်ပေးခြင်းဖြင့် ဝင်ငွေရရှိစေရန်ရည်ရွယ်၍ (Cash For Work) စီမံကိန်းကျေးရွာ ၅ ရွာတို့အား ဆောင်ရွက်ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။
ခင်မျိုးနွယ်(ပင်းတယ)