သုံးခွ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပြည်သူများ၊ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှောဖလှယ်တတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာအောင်ကိုဦးရေးသားသည့် “လူငယ်တွေစဉ်းစားဖို့”စာအုပ်အား စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင်(Women Club)အဖွဲ့၀င် ဒေါ်ရီရီအေးက" ဦးဆောင်ဆွေးနွေးသူအဖြစ် “လူငယ်နှင့်အချိန်”ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူသားတိုင်း၏ဘ၀ကိုအချိန်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပါကြောင်း၊ လူသားတိုင်းသည် နေ့စဉ်တစ်နေ့တာကို (၂၄)နာရီသာပိုင်ဆိုင်ခွင့်ရထားပါကြောင်း၊ လူတိုင်းအတွက် ရရှိထားသောအချိန်မှာ အတူတူပင်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ဒေါ်နွယ်နွယ်အေးကလည်း “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်ပြောကြားရာတွင် ယဉ်ကျေးမှုဟူသည့် စကားလုံးကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်ကား အလွန်နက်နဲလှပါကြောင်း၊ ယဉ်ကျေးမှုဟုဆိုရာတွင် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၊ လူမျိုးစုတစ်စုချင်းအလိုက် အတူတကွလက်ခံကျင့်သုံးကြသော အစဉ်အဆက်က ဆင်းသက်လာသောတန်ဖိုးများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ယုံကြည်မှုများ၊ သမိုင်းဖြစ်စဉ်များ၊ ပါးစပ်ရာဇ၀င်များနှင့်ရိုးရာများ၊ နေ့စဉ်လူနေမှုဘ၀ပုံစံများကြောင့် ဖြစ်ထွန်းလာသည့် စဉ်းစားတွေးခေါ်ပုံ၊ အမူအကျင့်များမှသည် စာပေ၊ အနုပညာ၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုများအထိ ပါ၀င်ပတ်သက်နေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ (Women Club)အဖွဲ့၀င် မသက်မြတ်နိုးမှလည်း “လူငယ်နှင့်အရက်”ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် ဘုရားရှင်လက်ထက်တော်ကတည်းကရှိခဲ့သော သေရည်သေရက်၊ အရက်၊ ယမကာစသည်ဖြင့် အမည်မျိုးစုံဖြင့်ရှိသော အရက်သည် ယနေ့ထက်တိုင်အောင် လူမှုဘ၀ထဲတွင် တည်ရှိနေပါကြောင်း၊ မြတ်စွာဘုရားကိုယ်တော်တိုင်က ငါးပါးသီလတွင် 'သုရာမေရယကံ' ကိုထည့်သွင်း ဟောကြားထားသလို အရက်၏ဆိုးကျိုးများကို ရှေးစာဆိုတော်များ၊ စာပေနယ်ပယ်မှ ပုဂ္ဂိုလ်ကြီးများစွာလည်း ရေးသားခဲ့ကြပါကြောင်းစသည့် စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးပြီးနောက် တက်ရောက်လာသူများမှ စာအုပ်ပါအကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ရုံးမှပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်