ပူတာအို ဇန်နဝါရီ ၂၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်းမှုဖြင့် စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးသည့် အလေ့အထရရှိလာစေရန်၊ စာဖတ် ပရိသတ်အချင်းချင်း အသိပညာဗဟုသုတများဖလှယ်နိုင်ရန်နှင့် လူ့ဘောင်အဖွဲ့အစည်းတွင် စာဖတ်သည့် အလေ့အထများဖြစ်ပေါ်လာ စေရန်အတွက် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသည့် "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ(၃)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Book Club အသင်း အဖွဲ့၀င် ဒေါ်ခင်ဌေးရီက စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသည့် "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ် အခန်း(၄) ကလေးနှင့် ပတ်၀န်းကျင်"အခန်းကို ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်၍ Book Club အသင်း အဖွဲ့၀င် မသင်းရတနာလင်းက အခန်း(၁၉)"မိဘဆရာ ရိုသေပါ" အခန်းအားဆွေးနွေးပြီး Book Clubအသင်း အဖွဲ့၀င် မဆန်ဒေါင်းဆိုင်းဇီက အခန်း(၁၇)" ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ" အခန်းအား ဆွေးနွေးကာ တက်ရောက်လာသည့် Book Club အသင်း အဖွဲ့၀င်များက စာအုပ်၏အနှစ်သာရများနှင့်ယင်း စာအုပ်ဖတ်ရှုခြင်းဖြင့်ရရှိသည့် အသိပညာ ဗဟုသုတများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ထို့နောက် Book Club အသင်း အဖွဲ့၀င်များက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှုနှင့် လူမှောင် ခိုမှုအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ အေးချမ်းသာယာ ပြည်မြန်မာ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)