ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူဇင်ဘတ်အဖွဲ့တို့ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာစာသင်ကျောင်းဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ     စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် လူဇင်ဘတ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျေးရွာစာသင်ကျောင်း  ဆောင်ရွက်ပြီးစီးမှု အခြေအနေကို  ယမန်နေ့ နံနက်(၁၀)နာရီက ကျိုင်းတုံမြို့နယ် နောင်တောင်းအုပ်စု၊ မမိုးတိုကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  ကျေးလက်ဒေသဖွံဖြိုး တိုးတက် ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်၊ မြို့နယ်ဦးစီးမှူး ဦးရဲခေါင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာလွင်နှင့် ဝန်ထမ်းများက အဆိုပါကျေးရွာစာသင်ကျောင်း (၆၀ပေx ၃၀ပေ)  steel structure အဆောက်အဦ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျေးရွာစာသင်ကျောင်း အဆောက်အဦအား လွိုင်မွေ ဆောက်လုပ်ရေးကုမ္မဏီမှ တင်ဒါစနစ်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ပြီး လူဇင်ဘတ် နိုင်ငံအနေဖြင့် (၅)နှစ်တာစီမံကိန်းဖြင့် ကျိုင်းတုံဒေသအတွင်းရှိ တောင်ပေါ်အုပ်စုကျေးရွာများသို့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့်သောက်သုံးရေရရှိရေး စသည့်လုပ်ငန်းများကို အဓိကထားဆောင်ရွက် လျက်ရှိ ကြောင်းသိရသည်။၊   

 

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)