ဟိုပုံး ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၅၀ သန်းဖြင့်ဆောင်ရွက်သည့် ဟိုပုံးမြို့ တောင်ရပ်ကွက်ရှိ နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ယမန်နေ့မွန်လွှဲ (၂) နာရီခွဲ အချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးခွန်စိန်မင်းက တောင်ရပ်ကွက်ရှိ နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးအခြေအနေတို့ကို ရှင်းလင်း ပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးခွန်စိန်မင်းနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအဖြစ် နောင်ဘိုကန် တာပေါင်အလျားပေ ၂၆၀၀ ၌ မြေညှိ၊ ခြုံရှင်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ကန်မြေနံရံကာ အလျား ပေ ၂၄၂၅၊ အမြင့် ၆ ပေခွဲ ကျောက်စီခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ကန်ပတ်လည်တိုင်စိုက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ကန်တာပေါင် ပတ်လည်၌ အလျားပေ ၂၄၀၀၊ အကျယ် ၁၄ ပေ သဲလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားသည်။
နောင်ဘိုကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဇွန်လ ၃ ရက်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးပြီဖြစ်၍ ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေအသုံးပြုမှုများ ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)