ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် (၂၀၂၃) ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် (၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လွိုင်မွေတောင်စခန်းမြို့၊ စတုရဋ္ဌ သုမင်္ဂလစေတီအနီး ချယ်ရီပင်တန်းတွင် ကျင်းပသည်။

ရှေးဦးစွာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင် နှင့် တာဝန်ရှိသူများက ချယ်ရီပန်းပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်တို့က အမှာစကားပြောကြားပြီး တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားအဆိုတော်များက  အလှည့်ကျဖျော်ဖြေတင်ဆက် ကြသည်။ ထို့နောက် ဖျော်ဖြေတင်ဆက်ကြသည့် အဖွဲ့များအား  ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး လွိုင်မွေဒေသခံ အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုက  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ချယ်ရီပန်းပွဲတော်တွင် လာရောက်လာပတ်ကြသူများအား ချယ်ရီပန်းပွဲတော် အမှတ်တရတံဆိပ် ရိုက်နှိပ်ထားသော T-Shart အင်္ကျီများ ဝေငှပေးခြင်း၊ ဒေသထွက်အစားအစာများ၊ ဒေသထွက် ဝိုင်များ၊ ရိုးရာအဝတ်အထည်များ၊ ဒေသထွက်ကုန်များ စသည့် ပစ္စည်းအရောင်းဆိုင်များ၊ လည်ပတ်သူများဖြင့် စည်ကားလျှက်ရှိပြီး လွိုင်မွေရေကန်ပတ်လည်နှင့် လွိုင်မွေအထင်ကရ နှစ်တစ်ရာစံအိမ်တို့တွင် လာရောက်လည်ပတ်သူများ အလှဓာတ်ပုံရိုက်ကြသူများဖြင့် စည်းကား လျက်ရှိသည်။

လွိုင်မွေဒေသ ချယ်ရီပန်းပွဲတော် (၂၀၂၂) ပထမအကြိမ်ကို ယခင်နှစ် ဆောင်းရာသီကာလတွင် စတင်ကျင်းပခဲ့ပြီး ယခုနှစ် ချယ်ရီပန်းပွဲတော် (၂၀၂၃) ဒုတိယအကြိမ်ကို ဇန်နဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ပွဲတော်ကာလအတွင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ တိုင်းရင်းသားရိုးရာအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်းနှင့်  လွိုင်မွေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ချယ်ရီပင်များ ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ချယ်ရီပန်းပွဲတော်ကို နှစ်စဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)