ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးအတွက် အုတ်ဖိုမြို့နယ် ကျေးရွာကော်မတီများနှင့် တွေ့ဆုံဆွေးနွေး

အုတ်ဖို စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ(၃)ဦး ရှိနေပြီဖြစ်သည့် တိမ်မြုတ်ကျေးရွာအုပ်စု၊ တိမ်မြုတ်ကျေးရွာတွင် ရောဂါပိုးကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး အတွက် စက်တင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျေးရွာကိုဗစ်-၁၉ ကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်ဇင်ဦး၊ ကော်မတီအတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်နှင့် အဖွဲ့ တို့က “ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်နိုင်စေရန်နှင့် ရောဂါပိုးပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် အကောင်းဆုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာပြည်သူများအနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ မလိုအပ်ဘဲ အပြင်သို့မထွက် ကြရန်လိုကြောင်း၊ မလွှဲသာ၍ အပြင်ထွက်ပါကလည်း Mask တပ်ပြီးမှ ထွက်ကြရန် လိုအပ်ပါကြောင်း၊ ကျေးရွာ ကော်မတီအနေနဲ့ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲ တစုံတရာ ရှိလာပါက မိမိတို့ထံသို့ သတင်းပို့ရန်လိုအပ်ပါကြောင်းနှင့် မိမိတို့အနေဖြင့် ဖြစ်ပေါ်လာသည့် အခြေအနေအရ အကောင်းဆုံးဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။ 
ထို့နောက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ တာဝန်ရှိသူ များက ရောဂါပိုးဓါတ်ခွဲအတည်ပြုလူနာ၏ မိသားစုများကို သွားရောက်အားပေးစကား ပြောကြားပြီး Quarantine Center များသို့ သွားရောက်ကာ Volunteer များအချင်းချင်း ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေရန် ညှိနှိုင်းဆောင်ရွက်ပေးပြီး  Quarantine ဝင်ရောက် နေသူများကို အားပေးစကား ပြောကြားခဲ့ ကြောင်း သိရသည်။ 
အောင်သူ(အုတ်ဖို)