မအီမြို့၌ ဘုရားဖူးခရီးသည်များ ယခင်နှစ်များထက် စည်ကားများပြား

မအီ    ဇန်နဝါရီ   ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ ဗုဒ္ဓစက်တော်ရာ၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာနှင့် မြို့ပတ်ဝန်းကျင်ရှိ မာရ်ငါးပါးစေတီတော်များ၌ ဘုရားဖူးခရီးသည်များမှာ ယခင်နှစ်များထက် စည်ကားများပြားလာသည်ကို တွေ့ရှိရကြောင်း ဒေသခံများက သိရသည်။

ဘုရားဖူးခရီးသွားဧည့်သည်များနှင့် ပတ်သက်၍ မအီမြို့ဒေသခံ အမှတ်(၃)ရပ်ကွက်မှ ကိုဖြိုးဝေ လင်းက "ယခင်နှစ်များတွင် ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် အသွားအလာကန့်သတ်ထားရှိခြင်းများရှိခဲ့၍ ခရီးသွားများ နည်းပါးခဲ့သော်လည်း ယခုနှစ်ပွင့်လင်းရာသီ နိုဝင် ဘာလဆန်းပိုင်းမှ စတင်၍ ဘုရားဖူးဧည့်သည်များမှာ သိသိသာသာရောက်ရှိလာကြသည်ကို တွေ့ရှိရပါကြောင်း၊ လာတုန်းကတော့ မအီမြို့နှင့် တောင်ပေါ်ခရီး(၁၇)မိုင်မှာရှိတဲ့ မအီချောင်းဖျားရှိ ဗုဒ္ဓစက်တော်ရာ နှစ်ဆူကို လာရောက်ဖူးမျှော်ကြတာဖြစ်ပါတယ်။ စက်တော်ရာကအပြန်မှာ မအီမြို့ပတ်ဝန်းကျင်ရှိ မာရ်ငါးပါးစေတီတော်များဖြစ်တဲ့ ရတနာမာရ်အောင် ဆံတော်ရှင်စေတီ၊ သက္ကျမာရ်အောင်စွယ် တော်မြတ်စေတီ၊ ဇိနမာရ်အောင်စွယ်တော်မြတ်စေတီ၊ မင်္ဂလာမာရ်အောင်စွယ်တော်မြတ်စေတီနှင့် လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်များကို ဖူးမြှော်ကြပါတယ်။ ထိုမှတစ်ဖန် ညနေစောင်းချိန်ရောက်တော့ မအီမြို့ပေါ် ရတနာမာရ်အောင်တောရဓမ္မရိပ်သာ ကုန်းတော်ပေါ်ရှိ အဓိဌာန်အောင် ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီးနှင့် အံတော်သိမ်ပုထိုးတော်၊ ရွှေကြာ သိမ်စေတီ၊ လေးမျက်နှာဘုရား၊ နှစ်ကျိတ်ရှစ်ဆူဘုရား၊ လောကမဇ္ဇျူပုထိုးတော်၊ ကမာကူရကြေး သွန်းရုပ်ပွားတော်နှင့် မွေးနေ့ဘုရားကြေးသွန်းရုပ်ပွားတော်တို့ကို ဝင်ရောက်ဖူးမြှော်ကြပါကြောင်း၊ အဆိုပါ ဓမ္မရိပ်သာ၌ ဘုရားဖူးခရီးသွားများ ရာသီမရွေး ညအိပ်ညနေ(အခမဲ့) တည်ခိုးနေထိုင်နိုင်ရန်အတွက် အခန်းတိုင်း Air con. ပါ (၃)ထပ်အဆောက်အဦကို ဆောက်လုပ်ထားရှိပြီး ဖြစ်ပါကြောင်း  " ဟု ၎င်းကပြောကြားသည်။

ဖော်ပြပါ မာရ်ငါးပါစေတီတော်များနှင် ရတနာမာရ်အောင်တောရဓမ္မရိပ်သာရှိ ဘုရားစေတီပုထိုးများကို ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦး ဆရာတော်ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မြောက်ဦးဆရာတော်ဘုရားကြီးကိုယ် တော်တိုင် ကြီးမှူးဆောင်ရွက်၍ မအီမြို့ဒေသ၌ သာသနာပြုတည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြောက်ဦးဆရာတော်ကြီး သာသနာ ပြုတည်ထားကိုးကွယ်သည့် ဘုရားစေတီပုထိုးတော်များကြောင့် ခြေတော်ရာဘုရားဖူးများလာခြင်းလည်း ဖြစ်နိုင်ပါကြောင်း ကိုဖြိုးဝေလင်းက ဆက်လက်ပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)