ကျိုက်မရော ဇန်နဝါရီ ၁၉
ဥပဒေရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ထုတ်ဝေသည့် “ကလေးအလုပ်သမားဆိုင်ရာဥပဒေ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နေ့လယ် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း ကျိုက်မရော၌ ပြုလုပ်ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကလေးသူငယ်ဆိုသည်မှာ၊ အသက် ၁၈ နှစ်မပြည့်သေးသောသူကို ဆိုသည်။ ကလေးဆိုသည်မှာ အလုပ်လုပ်ကိုင်ရန် မှတ်ပုံတင်ဆရာဝန်ကခွင့်ပြုသည့် အသက် ၁၄ နှစ်ပြည့်ပြီး အသက် ၁၆ နှစ် မပြည့်သေးသူကို ဆိုလိုသည်။ လူရွယ်ဆိုသည်မှာ အသက် ၁၆ နှစ်ပြည့်ပီး အသက် ၁၈ နှစ်မပြည့်သေးသူကို ဆိုလိုသည်။ လူငယ်ဆိုသည်မှာ “ကလေးနှင့်လူရွယ်”ကိုဆိုလိုသည်။
အလွန်အမင်းလေးလံသော ဝန်ချိန်ကို ခိုင်းစေခြင်းကိုတားမြစ်ခြင်း၊ ငယ်ရွယ်သော ကလေးများကလေးသူငယ်များခိုင်းစေခြင်းကိုတားမြစ်ခြင်း၊ မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်း၊ ကလေးများအလုပ်လုပ်သည့် အချိန်သတ်မှတ်ခြင်း၊ ကလေးအလုပ်သမားမှတ်ပုံတင်စာအုပ်ထားရှိခြင်းနှင့် ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် စေခိုင်းခြင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များစသည်ဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးအချက်အလက်များစုံလင်စွာပါရှိပြီး အဆိုပါပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းကာ ကျောင်းသူ၊ ကျောင်းသားများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)