တန့်ယန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တန့်ယန်း ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာအဖွဲ့မှ ပန်းပွားအဖွဲ့နှင့်အတူ ဧည့်ခံတီးခတ်ကပြ၍ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်”နှင့် “ပြည်ထောင်စုကြီးတည်တံ့စေသား” သီချင်းတို့ကို သီဆို၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်း၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးတို့က အဖွင့်အမှာစကား ပြောကြားကြကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းမန်က ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင်ပွဲ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက တိုင်ရင်းသားရိုးရာအကများ၊ တေးသရုပ်ဖော်အကများ အကပဒေသာများဖြင့် တင်ဆက်ကပြကြကာ ပညာရည်ချွန်ဆု ရရှိကြသူများအား တာဝန်ရှိသူအသီးသီးတို့က ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။       

မင်းလွင်ဦး(ပြန်/ဆက်)