စာအုပ်စာစောင်များ လေ့လာဖတ်ရှုရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ

ကော့မှူး ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အားလပ်သော အချိန်တွင် ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာ‌ပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.မ.က (ဇလုတ်ကြီး) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က အလိမ္မာစာမှာရှိ စာအုပ်စာပေ လူမိတ်ဆွေဆိုသည့်အတိုင်း စာပေကိုချစ်မြတ်နိုးပြီး စာအုပ်စာပေများ ဖတ်ရှုလိုခြင်းများဖြစ်‌ပေါ်စေရန် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဖွံ့ဖြိုးတိုးတတ်စေပြီး အမှားအမှန် ဝေဖန်ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်းနှင့် စာပေဖတ်ရှုခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဇာတ်လမ်းမနှင်းဖွေး၊ သရုပ်ဖော် ထွန်းထွန်းဝင်း (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် တန်ဖိုးကိုယ်စီ ပုံပြင်အားပြောကြားပေးခဲ့သည်။ ဆက်လက်၍ မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ လျှပ်စစ်အသိပညာပေး နံရံကပ်စာစောင်များအား ပြသထားရာ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

ကျော်သူရ