မိုင်းကိုင် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးကြစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ပေါက်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသည့် လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့မနက်ပိုင်းက အ.ထ.က-ခွဲ(မိုင်းကိုင်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်မြင့်ကျော်က လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်းဟောပြောဆွေးနွေးရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏အမြင်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လူငယ်များအတွက် ရသနှင့် သုတစာပေစာအုပ်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများက လေ့လာကြည့်ရှုကြပြီး မိမိတို့နှစ်သက်သည့် စာအုပ်စာပေများကို ငှားရမ်းဖတ်ရှုကာ အသိပညာတိုးပွားရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)