မောက်မယ်မြို့နယ် နမ့်ယွန်းခန်းမ၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ

မောက်မယ် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ် နမ့်ယွန်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် စုံညီပွဲတော်ဆိုသည်မှာ  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဗလ စသည့် ဘက်စုံပညာရေးဖြစ်ကြောင်း၊ ထိုဘက်စုံပညာရေးဖြင့် မိမိတို့မှ ကလေးများကို ပြုစုပျိုးထောင်ပေးရခြင်းဖြစ်သည့်အပြင် နှစ်စမှစ၍ ကလေးများ၏ စွမ်းဆောင်ရည်၊ ဆရာများ၏ ကြိုးစားအားထုတ်မှုများကို ပြသသည့် ပွဲဖြစ်ကြောင်း မိမိကိုယ်ကို မိမိပတ်ဝန်းကျင်နှင့် လောကကြီးကို ကောင်းမွန်တိုးတက်အောင်၊ ပြုစုပျိုးထောင်နိုင်အောင် ဆက်လက်ကြိုးစား အားထုတ်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး မောက်မယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေ ကပြခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)