တာချီလိတ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်စပ်ဝင်ပေါက်မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား၂၇ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း ၅၄ ဦး ယမန်နေ့က လာအိုနိုင်ငံ မဲခေါင်မြစ် မိုင်းမောဆိပ်ကမ်းမှ ဝမ်ပုံဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများက စနစ်တကျ ပြန်လည်လက်ခံခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးခြင်းနှင့် အပူချိန်တိုင်းတာခြင်းပြုလုပ်ခဲ့ကြကာ ခရိုင်/မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ် -၁၉ နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်နှင့် mask များကို ပေးဝေခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တာဝန်ရှိသူများက နေရပ်ပြန်ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းများကောက်ယူပြီး ကျန်းမာရေး အထောက်အထား စာရွက်စာတမ်းများထုတ်ပေးကာ မိမိနေထိုင်ရာဒေသအသီးသီးသို့ မော်တော်ကားများ စီစဉ်ပေးကာ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)