တောင်သာမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်များတွင် တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး

တောင်သာ စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်တွင် တိုင်းဒေသကြီး (၁) လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းနှင့် မြို့နယ်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် ကော်မတီဝင်များသည် ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က တောင်သာ-မလှိုင် မော်တော်ကားလမ်းဘေး တွင် ရှိသော ရုံးစည်ကြီးကျေးရွာတွင်  မြို့အဝင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှုနှုန်း မြန်ဆန်နေသည့်အတွက် မြို့နယ်အတွင်း ကူးစက်မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏  လမ်းညွှန်ချက်များနှင့်အညီ မြို့အဝင်စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ မြို့နယ်အတွင်းသို့ ဝင်ရောက် လာသောခရီးသွား ပြည်သူများအား  နေ့ညမပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့အဝင်/အထွက် လူစာရင်းနှင့် မော်တော်ယာဉ်စာရင်း ကောက်ယူ ခြင်း၊ မြို့အဝင်လူများအားလုံး နှာခေါင်းစည်းများ တပ်ဆင်ခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာခြင်း၊ မြို့အဝင်လူများအားလုံး အခြားမြို့နယ်တိုင်းဒေသကြီးများမှ ဝင်ရောက်လာသူများဖြစ်ပါက   သက်ဆိုင်ရာ ဒေသမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံ၏ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုတွင် နေထိုင်သူမှန်ကန်ကြောင်း ထောက်ခံချက် ပြသနိုင်မှသာ ဝင်ရောက် ခွင့်ပြုခြင်းတို့ကို စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)