သီပေါမြို့၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

 

သီပေါ ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးထိန်လင်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက်ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် စာစီစာကုံးဆု၊ ဘာသာရပ်အလိုက်စွမ်းရည်ဆု၊ လူရည်ချွန်ဆု၊ အားကစားဆု၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အကဆုစသည့်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီးဆုများ ပေးအပ်ခဲ့ကြကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူလေးများက အနုပညာဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)