ပျဉ်းမနား ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ပညာသင်ကြားနေကြသော အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)များထိုးနှံခြင်းကို ယနေ့နံနက် ပိုင်းက ပျဉ်းမနားမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း ကင်ပွန်းတန်း၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံဆောင်ရွက်ပေးကြကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက် ပေးခဲ့ကြသည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင် ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ များကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂၅)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)