သီပေါ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများတွင် ကြိုတင်ကာကွယ် ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက်ပိုင်း က ပူးပေါင်းစစ်ဆေးရေး အဖွဲ့များမှ စက်ရုံ၊ အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်အတွင်းရှိ ဒုဋ္ဌဝတီသောက်ရေသန့်၊ KLသောက်ရေသန့်နှင့် ရွှေသီပေါသောက်ရေသန့် စသည့် သောက်ရေသန့်စက်ရုံများနှင့် ဆန်စက်၊ ဆီစက်၊ ကားဝပ်ရှော့များမှ အလုပ်သမားများ ကိုဗစ်−၁၉ ရောဂါ ကာလအတွင်း အလုပ်တက်ချိန်၊ ဆင်းချိန်တွင် ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ အလုပ်လုပ်ချိန် သတ်မှတ်ထားရှိမှုများ၊ အလုပ်သမားများ၏ အခက်အခဲများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့အပြင် အဆိုပါ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လုပ်ငန်းခွင်အတွင်း ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများကိုလည်း လုပ်ငန်းရှင်များဘက်မှ ဆောင်ရွက်သွားကြရန် ပူးပေါင်းစစ်ဆေး ရေး အဖွဲ့မှ အကြံပြုပြောကြားခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)