ပူတာအိုမြို့နယ်အတွင်းရှိ ဝေးလံခက်ခဲသော ကျေးရွာများမှ လူငယ်များအတွက် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ပေး

ပူတာအို ဇန်နဝါရီ ၁၈

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပူတာအိုမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခက်ခဲသည့် ကျေးရွာများမှ ဒေသခံလူငယ်များအတွက် တန်ဖိုးမြင့် စားသောက်ကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းကို မြစ်ကြီးနားမြို့ ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် ဒေသထွက် သစ်သီးဝလံပန်းမံအခြေခံစုစုပေါင်း (၁၂)မျိုးတို့ကို သင်တန်းကာလ ဇန်နဝါရီလ (၁၆)ရက်မှ (၂၀)ရက်နေ့အထိ ငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်း ကာလအတွင်း သင်တန်းသူများ နေထိုင်စားသောက်ရေး အဆင်ပြေ ချောမွေ့စေရန်အတွက်လည်း ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

ယင်းတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ကချင်ပြည်နယ် မြောက်ဖျားပိုင်းရှိ ပူတာအို မြို့နယ်အတွင်း ဝေးလံခက်ခဲသော ခါးလန်၊ ဇီယာဒမ်း၊ လုံးနဒမ်း၊ ၀မ်လှိုင်ဒမ်း၊ ဝါဆန်ဒမ်း၊ အ၀ပ်ဒမ်၊ မုဒုံ၊ ပူတောင်ကျေးရွာများမှ သင်တန်းသူ စုစုပေါင်း(၂၀) ဦးတက်ရောက်လျက်ရှိသည်။

အဆိုပါ ကျေးရွာများသည် ဖုန်ကန်ရာဇီ ရေခဲတောင်နှင့် ဂမ်လန်ရာဇီ ရေခဲတောင်သွား လမ်းတစ်လျှောက် ကျေးရွာများ ဖြစ်ခြင်းကြောင့် ၎င်းနည်းပညာများ ရရှိသွားပါက ခရီးသွားလုပ်ငန်းများကို အထောက်အကူ ပြုလာမည့်အပြင် ဒေသအတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစု၀င်ငွေ တိုးတက် ရရှိလာမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှသိရသည်။

ဖုန်ကန်(ပူတာအို)