ပေါက်တော ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းက မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက် လာရောက်ကြစေလိုကြောင်း၊ မိမိတို့ရုံးအဆောက်အဦ အတွင်းအပြင် သန့်ရှင်းသာယာလှပစေရေး၊ ပေါက်တောမြို့နယ်အတွင်း လူဦးရေစာရင်း မှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရတွင် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်စေလိုကြောင်း၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိမိတို့ရုံး/ကျောင်းတို့ကို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များ ဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ မြို့ရေပေးဝေရေးကိစ္စရပ်များ၊ မြို့နယ်လူမှု အကျိုးပြုဆောင်ရွက်ရေးကိစ္စရပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ဌာန လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
မြို့နယ်(ပြန်/ဆက်)