၂၀၂၂-၂၀၂၃ ပညာသင်နှစ် မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း တက်ရောက်

မော်လမြိုင်      ဇန်နဝါရီ    ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်ပညာညီလာခန်းမ၌ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ် အငြိမ်းစားကျောင်းအုပ်ကြီးများနဲ့ ဌာနမှူးများ၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

 အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်တဲ့အခါလူသားအရင်းအမြစ်များ ကောင်းစွာဖွံ့ဖြိုးတိုးတက်ဖို့ တာဝန်အရှိဆုံးဖြစ်သော ကျောင်းဆရာ၊ ဆရာမများကို မွေးထုတ်လေ့ကျင့်ပေးရာ ပညာရေး ဒီဂရီကောလိပ်မှာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုစွမ်းရည်၊ ခံယူချက်သဘောထားများ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ ဘာသာရပ်အမျိုးမျိုး၊ သင်နည်းအဖုံဖုံနဲ့စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ မွန်ပြည်နယ်အနေဖြင့် ပညာရေးမှာ အားထားရမည့် ထူးချွန်သောဆရာကောင်း၊ ဆရာမွန်များ ပေါ်ထွက်လာနိုင်စေရန် ပညာရေးရဲ့ အခြေခံဖြစ်သော ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနဲ့ ဘောဂဗလဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဘာသာရပ်အသီးသီးရဲ့ သင်ရိုးများမှာ ထည့်သွင်းသင်ကြားလေ့ကျင့်ပေးလျက်ရှိတာကိုလည်း သိရှိရပါကြောင်း စာပေတတ်ကျွမ်းမှု အဆင့်အနေနဲ့လည်း တက္ကသိုလ်ဒီဂရီကောလိပ် အဆင့်ဖြစ်တာနဲ့အညီ သင်ကြားပို့ချပေးနေသော ဆရာ၊ ဆရာမများကလည်း ဆရာ့ဆရာများဖြစ်တာနဲ့အညီ အရည်အသွေးရော စိတ်ဓာတ်ပါကောင်းမွန်ပြီး ဆရာ၊ ဆရာမလောင်းလျာများဖြစ်ကြတဲ့ ကျောင်းသူ၊ ကျောင်းသားများကို ပညာနဲ့စည်းကမ်းသာမက စိတ်ဓာတ်ကိုပါ ပြုပြင်မြှင့်တင်ပေးနိုင်ကြောင်း လေ့ကျင့်ပုံဖော်ပေးနိုင်မည့် ဥယျာဉ်မှူး ကောင်းများ ဖြစ်စေလိုကြောင်း၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်အနေနဲ့ မွန်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ၊ ပြည်နယ်ကိုယ်စားပြု လှုပ်ရှားမှုလုပ်ငန်းများမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ပေး ကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း မော်လမြိုင်ပညာရေးဒီဂရီကောလိပ်အနေနဲ့ မွန်ပြည်နယ်ရဲ့ တစ်ခုတည်းသော အားထားရာ ဆရာအတတ်ပညာဌာနတစ်ခုဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ မွန်ပြည်နယ်အတွက် အနာဂတ်လူသားအရင်းအမြစ်များ မှန်ကန်စွာ ပြုစုပျိုးထောင်ပေးနိုင်မယ့် စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ပြီး ဗလငါးတန်ပြည့်ဝတဲ့ ဆရာကောင်း၊ ဆရာမွန်၊ ထူးချွန်ဆရာများ အောင်မြင်စွာ မွေးထုတ်လေ့ကျင့်ပေးနိုင်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထိုနောက် ပညာရေးဒီဂရီကောလိပ်ကျောင်းမှ ကျောင်းအုပ်ကြီးဒေါ်ဝင်းသိင်္ဂီကျော်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုဆုများချီးမြှင့်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်လှူဒါန်းသော အလှူတော်ငွေကျပ်(၁၀)သိန်းအား ပညာရေးဒီဂရီကောလိပ်ကျောင်းမှ ကျောင်းအုပ်ကြီးဒေါ်ဝင်းသိင်္ဂီကျော်မှ လက်ခံရရှိပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်ကပြနေမှုများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီး များက ကြည့်ရှုကာ၊ ​ပညာရေးစုံညီပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ခဲ့ရာ ကျောင်းဝန်းအတွင်း ခင်းကျင်းပြသထားသော ပညာရေးပြခန်းများနှင့် နိဗ္ဗာန်စျေးပွဲတော်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)