သံဖြူဇရပ် ဇန်နဝါရီ ၁၈
မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်၊ စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန်၊ အကောင်းအဆိုးအမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက်များချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင် ပြောရဲ၊ ဆိုရဲသည့် သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အစည်းအဝေးခန်းမ)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူးဦးထွန်းငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက က လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်၍ ကျောင်းသား/သူများဖြစ်ကြသော မောင်ဝေယံထွန်းက လူငယ်နှင့်ပညာရေး၊ မောင်စိုင်းနဒီဦးက လူငယ်နဲ့ကျန်းမာရေး၊ မအိတင်ဇာမိုးကလူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး၊ မယွန်းဥမ္မာက လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူးစသည့်ခေါင်းစဉ်များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကို ကျောင်းသား၊ ကျောင်းသူများကမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည်ဖြေကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
အေးအေးသီ(ပြန်/ဆက်)