မိုင်းဖြတ်မြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆု ဆုပေးပွဲအခမ်းအနားကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ် အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၈ရက်၊ နံနက် ၉နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟိုနား)ရှိ ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အထက(ဟိုနား)မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်က အမှာစကားပြောကြားရာ   မိုင်းဖြတ်မြို့နယ်တွင်းရှိ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်သည့် အခမ်းအနားဖြစ်သည့်အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်းနှင့် စနစ်သစ်ပညာရေး များ ပြုပြင်ပြောင်းလဲလာသည့် အခြေအနေများနှင့် စပ်လျဉ်းပြီး အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ပညာရေးမှူး ဦးအောင်ကျော်ညွှန့်နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့နယ်အဆင့် လူရည်ချွန်ဆုနှင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်များတွင် စာပေထူးချွန်ဆု၊ အားကစားထူးချွန်ဆုများ ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းအလိုက် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကပ‌ဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သန်းထွန်းအေး