ပေါင် ဇန်နဝါရီ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အထက ထန်ပင်ချောင်ကြီး၌ ကျောင်းသား/ သူများအား ဂိမ်းအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အထက ထန်ပင်ချောင်ကျောင်း ကျောင်းအုပ်ကြီး ဦးကြည်စိုးက ဂိမ်းဆော့ခြင်းဖြင့် မိမိပညာရေးထိခိုက်နိုင်ကြောင်း ကျောင်းနေချိန်တွင် ဂိမ်းဆော့ကစားခြင်းဖြင့် စာကျက်ချိန်ထိခိုက်နိုင်ကြောင်း မိမိတို့အကျိုးရှိသည့်အရာများကိုသာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် နတ်ကြီးချောင် ရဲကင်းမှ ဒုရဲအုပ် ရဲပြည့်ဖြိုးက ဂိမ်းဆော့ကစားခြင်းသည် ကျောင်းသား/ သူများ၏ အမြင်အာရုံကိုထိခိုက်နိုင်ခြင်းကြောင့် အချိန်အခါနှင့်ဆော့သင့်ကြောင်း၊ ဂိမ်းကိုဆော့ခြင်းသည် မိမိအသက်အန္တရာယ်ပါ ထိခိုက်နိုင်သောကြောင့် မဆော့လျင်မိမိအတွက် ပိုပြီးသင့်တော်ကြောင်း ယခုအရွယ်သည်ပညာရှာသည့် အရွယ်ဖြစ်သောကြောင့် ကျောင်းစာကိုသာ လေ့လာကျက်မှတ်ကြဖို့လိုအပ်ပါကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
ပေါင်မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူတွေရဲ့အသက်အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ပေးသည့်အပြင် ကျောင်းသား/ သူများအနေဖြင့် မလိုလားအပ်သော ရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ဆောင်နေကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)