ကျောက်ဖြူ ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်၊ အားကစားပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် အားကစားပြိုင်ပွဲများအား နံနက် (၇)နာရီအချိန်မှစ၍ အထက(၁) ဘင်ခရာအဖွဲ့မှ နိုင်ငံတော်သီချင်းတီးမှုတ်၍ အခမ်းအနားတက်ရောက်လာကြသော ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ ကျောင်းကော်မတီဝင်များ ၊ ကျောင်းသား၊ကျောင်းသူများက နိုင်ငံတော်အလံအားအလေးပြုကြသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ထွေးထွေးရီက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ ပြီး အားကစားပြိုင်ပွဲများကိုဆက်လက်ကျင်းပပေးခဲ့ရာ ဆုရရှိသူများအားဆုများပေးအပ်ခဲ့ကြသည်။
အခမ်းအနားဒုတိယပိုင်းအား မွန်းလွဲ(၁)နာရီအချိန်က အဆိုပါကျောင်းနဝရတ်ခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားကို “ ကြိုဆိုပါတယ် စုံညီပွဲတော် ” သီချင်းဖြင့် Grade -10, Grade 11 မှ ကျောင်းသား၊ကျောင်းသူများက သီဆိုဖျော်ဖြေကာအခမ်းအနားကိုဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်အဆင့်စာပေဆုနှင့်အားကစားဆုရရှိသူများ ကျောင်းအုပ်ဆရာမကြီးက ဆုချီးမြှင့်ပေးအပ်ခဲ့ပြီး မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများက ပဒေသာ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် မြို့နယ်အဆင့်နှင့်ကျောင်းတွင်းပြိုင်ပွဲများတွင် ကာယ၊ ဉာဏ ပြိုင်ပွဲများတွင်ထူးချွန်ဆုရရရှိခဲ့ကြသောကျောင်းသား ကျောင်းသူများအား ဆရာ၊ ဆရာမများနှင့် ကျောင်းကော်မတီအဖွဲ့တို့မှ အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
၂၀၂၂-၂၀၂၃ ပညာသစ်နှစ် ပညာရေးစုံညီပွဲတော်အား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းကော်မတီအကျိုးတော်ဆောင်များ ၊ ကျောင်းသားကျောင်းသူများနှင့်မိဘအုပ်ထိန်းသူများတက်ရောက်ခဲ့ကြကာ အခမ်းအနားကို Grade -10 နှင့် Grade 11 မှ ကျောင်းသား၊ ကျောင်းသူများက “သာလီစွ” တေး သီချင်းဖြင့်အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဖြိုးဝေလင်း