တပ်ကုန်း ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများ ဆောင်းသီးနှံအဖြစ် အာလူး၊ ကြက်သွန်နီ၊ ဖရဲ၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာပွင့်၊ ပြောင်း၊ နေကြာ၊ မြေပဲ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲကြီး၊ ပန်းများနှင့် မီးဖိုချောင်သုံး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကွင်းအမှတ်(၁၃၁၆)ကွင်း၊ တောင်သူအချို့ ရွှေယင်းမာပဲကို သီးညှပ်စိုက်ပျိုးကာ ရာသီဥတုအဆင် ပြေသဖြင့် ပိုးမွှားကင်းပြီး အပင်နှင့်အပွင့်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
“ဒီ ရွှေယင်းမာပဲစိုက်ခင်းကို ငရုတ်ခင်းအတွင်း မြေအစိုဓာတ်ရှိတဲ့ တော်သလင်းလမှာ ထယ် နဲ့စမ်းဖော်စိုက်ပျိုးတယ်၊၊ မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကကို (၇)ပြည်၊ (၈)ပြည်နှုန်း စိုက် ပျိုးတယ်၊ အခုနှစ်က ရာသီဥတုအဆင်ပြေတော့ ပိုးမွှားကင်းတဲ့အပြင် အပွင့်များ ဖြိုင်ဖြိုင်ပွင့်ပြီး သီးနှုန်းတွေ များတယ်၊ အပွင့် ပွင့်တဲ့အချိန် ရာသီဥတုဖောက်ပြန်ပြီး မိုးရွာခဲ့မယ်ဆိုရင် အပင်များမှ အပွင့်တွေ ပုတ်ခြောက်ပြီး သီးနှုန်းကျဆင်းတယ်၊ ရွှေယင်းမာပဲစိုက်ခင်းတွေက နှင်းကျတာကို ကြိုက်နှစ်သက်တယ်၊ ဆက်ပြီး ရာသီဥတုအဆင်ပြေခဲ့မယ်ဆိုရင် တစ်ဧကကို တင်း(၂၅)မှ (၃၀)ထွက်ရှိနိုင်ပြီး တပေါင်းလမှာ ရိတ်သိမ်းရမှာဖြစ်တယ်၊ ယခင်နှစ်က ရွှေယင်းမာပဲ တစ်တင်းကို (၅၀၀၀၀)ကျပ်မှ (၆၀၀၀၀)ကျပ်ထိ ရောင်းချရတယ်၊ ယခုနှစ်လည်း ဈေးကောင်းရဖို့ မျှော်လင့်တယ်လို့” ရွှေယင်းမာပဲစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
တင်စိုးလွင်