မိုင်းဆတ် ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ စမ်းသပ်စိုက်ပျိုးခဲ့သည့် ပေါ်ဆန်းရင်စပါးမိတ်ဆက်ရှင်းလင်းပွဲကို ယနေ့နံနက် (၁၀)နာရီက မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဒေသခံပြည်သူများ အကျိုးအမြတ်ရရှိစေမည့် စပါးမျိုးများကို ကျယ်ပြန့်စွာစိုက်ပျိုးလာစေရန် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နည်းစနစ်များကို သင်ကြားပေးစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလွင်က ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရည်အသွေးကောင်းစပါးမျိုးများ စိုက်ပျိုးလာနိုင်ရန်၊ စားသုံးမှုအရည်အသွေး ကောင်းမွန်သည့် ပေါ်ဆန်းစပါးမျိုးများကို ဒေသခံတောင်သူများ ပိုမိုတိုးတက်စိုက်ပျိုးလာစေရန်၊ ဒေသတွင်းပေါ်ဆန်းမွှေးဆန်များ စားသုံးသူဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်စေရန် ရည်ရွယ်၍ ပေါ်ဆန်းရင်စပါးမျိုးအား စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းပြောကြားပြီး ပေါ်ဆန်း စပါးစိုက်ပျိုးမှုနှင့် စပါးအထွက်နှုန်းအသေးစိတ်အား ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်သဲနုဝေက ရှင်းလင်း တင်ပြခဲ့သည်။
အဆိုပါ ပေါ်ဆန်းရင်မျိုးစပါးအား မိုင်းဆတ်မြို့တွင် စမ်းသပ်စိုက်ပျိုးခဲ့ရာ တစ်ဧကအထွက်နှုန်း(၇၆ ဒဿမ ၃၀)တင်းထွက်ရှိ၍ စပါးသက်တမ်းမှာ ရက်ပေါင်း(၁၆၀)ဖြစ်ပြီး စိုက်ပျိုးမှု စုစုပေါင်း ကုန်ကျစရိတ်မှာ (၈၃၃၀၀၀)ခန့်ကုန်ကျ၍ စပါးရောင်းရငွေမှာ (၁၀၆၄၀၀၀) ကျပ်ဖြစ်ရာ အမြတ်ငွေမှာ (၂၃၁၀၀၀)ကျပ် ရရှိခြင်းကြောင့် ဒေသခံပြည်သူများ စိုက်ပျိုးသင့်သည့် စပါးမျိုးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)