မိတ္ထီလာ ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ကျောင်းသားကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်က ၎င်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်စကားဝိုင်းတွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးတို့က အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က လူငယ်စကားဝိုင်း ကျင်းပရခြင်းမှာ လူငယ်များ အတက်ပညာနှင့် ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြော အတက်ပညာများ ကျွမ်းကျင်တက်မြောက်ပြီး လူအများ ရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတက်စေရန် ၊ လူငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ဦးဆောင်ကာ မိတ္ထီလာစီးပွားရေး တက္ကသိုလ်တွင် ပညာသင်ယူနေသော မောင်ထွန်းနိုင်ဝင်း၊ မသီရိတုန်၊ မဝင့်ဖူးအောင်၊ မခင်ချယ်ရီမြင့်၊ မဝတ်မှုံ၊ မသိမ့်သဉ္ဇာကျော်တို့က လူငယ်နှင့် အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် မူးယစ်ဆေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ ၎င်းစကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိ၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမော်မော်ခင်၊ ဒေါက်တာ သီတာထူးတို့က ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းကို ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူအိ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမော်မော်ခင်၊ ဒေါက်တာ သီတာထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)